Wednesday, June 20, 2012

"မြို့သစ်ရပ် NLD ရုံး၌ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ '၆၇' နှစ်မြောက် မွေးနေ့ကျင်းပ"

၁၉ ဇွန် (မြိတ်)

        ၁၉.၆.၂၀၁၂ ရက် နေ့လည် (၁း၀၀) နာရီက မြို့သစ်ရပ် NLD ရုံး၌ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။ ယခင်မွေးနေ့ပွဲများကို ဦးစိုးလွင်အိမ်၌ ကျင်းပကြမြဲ ဖြစ်၍ ယနေ့မွေးနေ့ပွဲကိုမူ တရားဝင် ရုံးဖွင့်ပြီး ပထမဆုံးအကြိမ် ကျင်းပကြောင်းသိရသည်။ ၄င်းအခမ်းအနားတွင် ပထမဦးစွာ ခရိုင်တာဝန်ခံ ဦးစိုးလွင်မှ အမှာစကားပြောကြားပြီး ကိုအောင်ဆန်းဦး၊ ကိုကျော်စွာဝင်း၊ ကိုသိန်းဇော် တို့နှင့် အမျိုးသမီးခေါင်းဆောင် ဒေါ်သက်ထား၊ ဒေါ်ခင်ဝင်း တို့က မွေးနေ့ဂုဏ်ပြုကဗျာများ ရွတ်ဆိုကြပြီး ခရိုင်အောင်နိုင်ရေး အဖွဲ့ဝင်ဦးစိုးမြင့်မှ ကျေးဇူးတင်စကားကို ပြောကြားကာ နေ့လည် (၂း၃၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြပြီး တက်ရောက်လာသော အဖွဲ့ဝင် (၁၀၀)ခန့်အား လဖ္ဘက်ရည်နှင့် မုန့်များကို ဧည့်ခ့ကျွေးမွေးခဲ့ကြသည်။ ယင်းနေ့ နံနက်ပိုင်းကလည်း ဆရာတော်၊ သံဃာတော်များကို ပင့်ဆောင်ကာ ဆွမ်းနှင့် ၀တ္ထုပစ္စည်းများ ကပ်လှူခဲ့ကြပြီး "အမေစု" အတွက် မွေးနေ့ဆုမွန်ကောင်းများ တောင်းခဲ့ကြကြောင်းလည်း သိရပါသည်။ ထူးခြားချက် တစ်ရပ်မှာ မွေးနေ့ အခမ်းအနား စတင်ချိန်၌ တာဝန်ရှိသူ သတင်းတပ်ဖွဲ့ဝင်တစ်ယောက်မှ အနီးကပ်သတင်း ဓါတ်ပုံဝင်ယူစဉ် NLD အဖွဲ့ဝင် တစ်ဦးမှ ဟောက်ထုတ်လိုက်သောကြောင့် ထိုသတင်းတပ်ဖွဲ့ဝင် ပုဂ္ဂိုလ်ခမျှာ ခပ်လှမ်းလှမ်းမှ သတင်းယူရရှာပါသည်။ ထိုသို့ဟောက်ထုတ်နိုင်သော အခွင့်အာဏာ NLD ၌မရှိဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုပြုလုပ်နေသည်မှာ ပါတီအစည်းအဝေးမဟုတ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့မင်္ဂလာ အခါတော် ယူနေသော အချိန်ဖြစ်သောကြောင့်ပင် ... ။

တနင်္ဂနွေသား (မြိတ်)

Monday, June 4, 2012

ကျောင်းသားမိဘများထံ ပညာပေးလက်ကမ်းစာရွက်များ လိုက်လံဝေငှ

          ၂၃.၅.၂၀၁၂ ရက်နေ့က ကိုအောင်ဆန်းဦး ဦးဆောင်သောလူငယ်တစ်စု မြိတ်မြို့ဆင်းရဲသား ချို့တဲ့သောရပ်ကွက်များရှိ လူထုထံသို့ "အခမဲ့ ကျောင်းအပ်နှံရေး" ပညာပေးလက်ကမ်း စာစောင်များလိုက်လံဝေငှခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ ပြုလုပ်ရသော ရည်ရွယ်ချက်ကို ကိုအောင်ဆန်းဦးမှ ယခုလို ပြောပြပါသည် .. "ကျွန်တော်တို့မြို့မှာ ရှိတဲ့ကျောင်းတွေ မနေ့ကစပြီး ကျောင်းသားတွေကို စတင်လက်ခံနေကြပြီ အဲဒီနေ့က ကျွန်တော်ရယ် ကိုခင်မောင်အေးရယ်၊ ကိုဝေယံကျော်၊ ကိုထွန်းမင်းလတ် လေးယောက် ပေါင်းပြီး ၂၈.၄.၂၀၁၂ ထုတ် မြ၀တီ သတင်းစာမှာပါတဲ့ သတင်းတစ်ပုဒ်ကို မိတ္တူ (၃၀၀) လောက်ကူးပြီး ဆင်းရဲသား လက်လုပ်လက်စား ပြည်သူလူထုကြားမှာ လိုက်ပြီး ဝေငှကြတာပါ။ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနက လူတိုင်းလူတိုင်း ဆင်းရဲချမ်းသာမရွေး ကျောင်းနေနိုင်အောင် ထုတ်ပြန်ထားတဲ့ သတင်း ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ် ခု ကျွန်တော်တို့ မြို့က ကျောင်းတွေမှာ အကောက်အစား ကြမ်းနေတဲ့ သတင်းတွေကို ကြားနေတယ် .. နာမည်ကြီးကျောင်းတစ်ကျောင်းဆိုရင် မူကြိုအပ်နှံခ ကျောင်းသား တစ်ယောက်ကို နှစ်သိန်းတောင်းတယ်လို့ ပြောနေတာကိုလည်း ကြားနေရတယ် . တချို့ကျောင်းတွေဆို ကျောင်း.လက်ခံတာ နှစ်ရက်ပဲရှိသေးတယ် လူပြည့်သွားပြီပြောလွတ်လို့ ရှိစုမဲ့စု ပိုက်ဆံလေး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ယောင်ချာချာ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကျောင်းသား မိဘတွေရှိသလို အထာသိတဲ့ ငွေကြေးတတ်နိုင်တဲ့ မိဘရှင်များကတော့ ကျောင်းအုပ်ကြီးတွေနဲ့ လက်ဝါးရိုက်ထားတဲ့ ပွဲစားတွေက တဆင့် တစ်သိန်း၊ နှစ်သိန်း ပုံပေးပြီး လာဘ်ပေးလာဘ်ယူမူတွေ ဆက်လက်ကျူးလွန်ကြတာကိုလည်း ကြားသိနေရပါတယ် .. ဆင်းရဲတဲ့ ကျောင်းသား မိဘအများစုဟာ ကျောင်းသားတစ်ယောက် နှစ်သောင်း၊ သုံးသောင်းဆိုလို့ ကျောင်းသားလေးဦးရှိတဲ့ မိဘတွေဟာ လေးဦးစလုံးကျောင်းမထားနိုင်ဘဲ ထင်းခွေ ရေခပ် ပညာရေးလောက်နဲ့ ကျောင်းကထွက်ခိုင်းပြီး အသက်မပြည့်သေးခင် လုပ်ငန်းခွင်ထဲက လက်ဖက်ရည်ဆိုင်စားပွဲထိုးတာတို့၊ အမှိုက်ပုံတွေ အိမ်ကြိုအိမ်ကြားတွေမှာ ပလပ်စတစ်ကောက်ခိုင်းတာတို့ အဲဒါတွေကို လုပ်နေကြရတယ် .. ဘယ်မိဘက ကိုယ့်သားသမီးကို အဲဒီလို နိမ့်ကျတဲ့ အလုပ်ကို လုပ်ခိုင်းချင်မလဲဗျာ .. ကျောင်းစာသင်ခန်းထဲ ကကြီး ခခွေး တွေရေးနေကြရမဲ့ လက်တွေက အမှိုက်ပုံထဲ ခွေးတွေကြွက်တွေနဲ့ အပြိုင် ထိုးဆွမွှေနှောက် လုယက်စားသောက်နေတဲ့ ဘ၀တွေပါပဲ .. အလိုမျိုး မဖြစ်အောင် အဲဒီလိုမျိုး မရောက်ရလေအောင် မိဘတွေကလည်း ကိုယ့်သားသမီးတွေအားလုံးကို အနည်းဆုံး အထက်တန်း အဆင့်လောက် မပူပင် မကြောင့်ကြဘဲ ကျောင်းထားပေးနိုင်အောင် ပြီးတော့ နိုင်ငံတော်သမ္မတကြီးရဲ့ စေတနာနဲ့ ပြုပြင်ပြောင်းလဲလာတဲ့ အစိုးရအဖွဲ့တွေရဲ့ မူဝါဒတွေကိုလည်း သိရှိသဘောပေါက်လာတာနဲ့ အမျှ လူထုအတွင်း အကြောက်တရား လျှော့ပါးလာပြီး လူ့အခွင့်အရေး ဆိုင်ရာ အသိတရားတွေ ပိုပြီး အားကောင်းလာအောင် ခုလိုမျိုး ဖြန့်ချီဝေငှခဲ့ရတာပါ" - ဟု မြိတ် NLD ပါတီဝင် တစ်ဦးလည်းဖြစ်သူ ကိုအောင်ဆန်းဦါ်မှ ပြောပြသွားကြောင်းပါဗျား ..


တနင်္ဂနွေသား(မြိတ်)

Monday, May 21, 2012

"တနင်္သာရီမြို့နယ် မော့တောင် NLD ရုံးဖွင့်ပွဲ (သို့) တောကြိုတောင်ကြား အမြတ်ထုတ်သွား"

          11.5.2012 ရက်နေ့က တနင်္သာရီမြို့နယ် မော့တောင်ရွာတွင် NLD ရပ်/ကျေးရုံးဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။ ၄င်းရုံးဖွင့်ပွဲသို့ မြိတ်မြို့နယ် တိုင်းအောင်နိုင်ရေး အဖွဲ့ဝင်ဦးသန်းထွန်းမှ ဦးဆောင်ကာ မြိတ်၊ တနင်္သာရီ၊ ကျွန်းစုမှ NLD အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြ၍ နံနက် 9:00 တွင်အောင်မြင်စွာ ဖွင့်လှစ် ခဲ့ကြပြီး နေ့လည် 1:00 ခန့်တွင် ထိုင်းနိုင်ငံ ပကျွတ်မြို့ရှိ ငါးပြတိုက်နှင့် မြို့အနှံ့လှည့်လည် ကြည့်ရှု ခဲ့ကြပါသည်။ ထိုသို့ သွားရောက် လည်ပတ်သော ခရီးစဉ်ကုန်ကျ စရိတ်ကို မော့တောင်ရုံးဖွင့်ရန် ပြည်သူများ လှူထားသော ရံပုံငွေ (၁၂) သိန်းထဲမှ အသုံးပြုခဲ့ကြကြောင်း ၄င်းခရီးစဉ်၌ပါဝင်ခဲ့သူ အဖွဲ့ဝင် တစ်ဦးက ပြောပါသည်။ ခရီး စရိတ်မှာ တစ်ဦးလျှင် ဘတ်ငွေ (၇၀၀) ကျပ်ဖြစ်ပြီး တာမောငွေမှာ တစ်ဦးလျှင် (၂၀၀)ကျပ် ကျကြောင်း သိရ သည်။ သွားရောက်သူများမှာ ဦးသန်းထွန်း၊ ဦးချစ်ဝေ၊ ဖြိုးဝင်းထွန်း၊ အောင်နိုင်ဦး၊ ကိုဇော်၊ အောင်ကျော်ဟိန်း၊ ဖိုးလပြည့်၊ မင်းဇော်တင့်၊ ဇော်မင်းဦး အပါအ၀င် (၁၅)ဦးဖြစ်၍ ထိုသို့သွားရောက်လည်ပတ်ခြင်းကို မိမိတို့၏ ပါတီရံပုံငွေများထဲမှ စိုက်ထုတ် ဧည့်ခံ လိုက်ရ၍ ဒေသခံမော့တောင်ရွာသူရွာသားများမှ ၄င်းတို့အုပ်စု အပေါ်နိုင်ငံရေး ထက် အခွင့်အရေးပိုယူသူများဟု ဝေဖန်ပြောဆိုနေမှုများ မိမိရွာ၌ ထွက်ပေါ်နေကြောင်း ကို မော့တောင်ရွာသား တစ်ဦးမှ တယ်လီဖုန်းဆက်၍ ပြောပြသွားကြောင်းပါဗျား ... ။

တနင်္ဂနွေသား (မြိတ်)

Friday, April 27, 2012

ရှင်းစရာမလိုသော "မရှင်းတမ်း" နှင့် မလည်ရှုပ်ဇာတ်လမ်း - 22 ဧပြီ မြိတ်

          22.4.2012 ရက်နေ့က မြိတ် NLD ပါတီရုံး၌ "မဲအေင်နိုင်ရေးဂုဏ်ပြုပွဲ" ပြုလုပ်ရန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပရာ .. ၄င်းအစည်းအဝေး၌သဘာပတိအဖြစ် ဦးအောင်မြင့်က ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် ကိုမြတ်ကို(ဖိုးပါချင်ဆိတ်လစေ့ ဟုမြိတ်နိုင်ငံရေးအသိုင်းအ၀ိုင်း၌နာမည်ကြီးနေသူ) က ဆောင်ရွက်ပြီး ပါတီဝင်အင်အား (၃၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။ ယင်းအခမ်းအနား၌ "မဲအောင်နိုင်ရေး ဂုဏ်ပြုပွဲ" အတွက်လိုအပ်ချက်များကို တင်ပြဆွေးနွေးကြပြီး နောက် လူငယ်များမှ "အောင်နိုင်ရေးအသုံးစရိတ် ရှင်းတမ်း" တောင်းဆိုကြရာ .. သဘာပတိအဖြစ် ဆောင်ရွက်သူဦးအောင်မြင့်က အလောတကြီးထ၍ "၄င်းရှင်းတမ်းသည် ရှင်းစရာမလိုကြောင်း" ထ၍ ပိတ်ပြော ရာနောက်တစ်ဦး မှအောင်နိုင်ရေးအတွက် ပြည်သူတွေဆီမှ အလှူခံရငွေ စုစုပေါင်း တစ်ရာ့ကိုးဆယ် ရှစ်သိန်းနှစ်သောင်း ကျပ်ကို အသုံးပြုခဲ့ကြပြီး ဦးသန်းထွန်းတစ်ဦးတည်း အသုံးစရိတ်ထုတ်ယူငွေ (၅၂)သိန်းရှိ၍ တကယ်တမ်း စာရင်းပြနိုင်သည်မှာ သိန်း(၄၀) သာရှိပြီး ကျန်(၁၂)သိန်း ဘယ်ရောက်သွားသလဲ .. ဒီကိစ္စကိုဦးသန်းထွန်း ရှင်းပေးပါဟု ကိုစိုးမြင့်(ယခင်အတွင်းရေးမှူး)က ထ၍တောင်းဆိုရာမှ ၄င်းတို့နှစ်ဦးအခြေအတင်ငြင်းခုံကြပြီး လူကြီးလူကောင်းဂိုက်ဖမ်းထားသော ဦးသန်းထွန်း (မျိုးချစ်စိတ်အတုနှင့်ခွပ်ဒေါင်းအရေခြုံဟု မြိတ်နိုင်ငံရေး ရပ်ကွက်၎င်း၌နာမည်ကြီးနေသူ)က ထိုင်ရာမှထ၍ ကိုစိုးမြင့်အား ဆောင့်တွန်းလေရာ ကိုစိုးမြင့်လဲကျ မသွားခင် လူငယ်နှစ်ဦးမှ ၀င်ရောက်ထိမ်းပေးလိုက်ကြပြီး ၄င်းနှစ်ဦး၏ ပါးစပ်မှလည်း "ဦးသန်းထွန်း မမိုက်ရိုင်းနဲ့ မယုတ်မာနဲ့ လူကြီးဆိုရင် လူကြီးလို ပီသအောင်နေပါ .. " ဟုပြောဆို၍ ထိုးပွဲအသွင်သို့ ကူးပြောင်းမသွားစေရန်ထိမ်းသိမ်း လိုက်ကြသည်။ ထိုအချိန်တွင် ၄င်းအစည်းအဝေးသို့ တက်ရောက် လာသော နယ်မှ စည်းရုံးရေးတာဝန်ခံဦးခင်မောင်သန်းမှ ထရပ်၍ ယခုအစည်းအဝေးသည် .. အစည်းအဝေး နဲ့မတူဘဲ .. ရန်ပွဲနှင့်တူနေကြောင်း .. ကျွန်တော်အစည်းအဝေးလာတက်တဲ့ အကြိမ်တိုင်း ဒီလိုကိစ္စမျိုးတွေ အကြိမ်ကြိမ်တွေ့နေရကြောင်း .. ဒီလိုသာဆက်ဖြစ်နေမည်ဆိုရင် ကျွန်တော်တို့ဘာအလုပ်မှ ဆက်လုပ်၍ ရတော့မည် မဟုတ်ကြောင်း .. ဒါကြောင့် ဒီနေ့အစည်းအဝေးမှ ကျွန်တော်နုတ်ထွက်ကြောင်း ပြောဆို၍ ရုံးအောက်ဆင်းသွားပါတော့သည်။ ထိုအခါဦးအော်ကောင်းက တစ်စခန်းထ လာပြန်၍ စားပွဲကိုလက်သီးနှင့် ၀ုန်ကနဲ ထုချပြီး "ဒီငွေစာရင်း ကိစ္စကို နေ့စဉ်တာဝန်ခံ (၇)ဦးကသာလျှင် သိရှိပိုင်ခွင့်ရှိပြီး အောက်ခြေ အဖွဲဝင်တွေသိရှိပိုင်ခွင့်မရှိကြောင်း .. ယခုငွေအသုံးလွန်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးလျှင် ဒေါ်တင်ရီအား မိမိတို့ အနေဖြင့်လုံးဝအပြုတ်မခံနိုင်ကြောင်း .. ဒါကြောင့်ဒီရှင်းတမ်းနဲ့ ပတ်သက် ပြီး နောင် မည်သူတစ်ဦးတစ်ယောက်မျှထပြီး မမေးကြပါရန် မိမိအနေနဲ့ အနူး အညွတ်တောင်းပန်ကြောင်းဖြင့် ထိုနေ့ အစည်းအဝေးကို ဒီမိုကရေစိခေါင်းဆောင်ကြီးများဟု ဆိုသူသုံဦးမှ အားဏာရှင်တို့၏ လုပ်ထုံးလုပ်နည်းနှင့် ဗျူရိုကရက်တို့၏ လိမ္မာ ပါးနပ်မှုပေါင်း စပ်ရောသမမွှေ၍ အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိကြောင်းပါဗျား ..။


တနင်္ဂနွေသား (မြိတ်)

Friday, April 6, 2012

ဒေါက်တာတင်မျိုးဝင်း နှင့် ဦးခွန်သာမြင့် တို့မြိတ်သို့ရောက်ရှိခြင်းနှင့်ခွပ်ဒေါင်းအလံတော်အောက်မှ ဆင်းပြေးရသောနေ့တစ်နေ့


၁၉.၃.၂၀၁၂ ရက် ၉း၃၀ က NLD အဖွဲ့ချုပ်တိုင်းအောင်နိုင်ရေး အဖွဲ့ဝင် ဒေါက်တာတင်မျိုးဝင်း နှင့် ဦးခွန်သာမြင့်တို့သည်လေယာဉ်ခရီးစဉ်ဖြင့ှ်မြိတ်မြို့သို့ရောက်ရှိကြောင်း သတင်းရရှိသည်။ ၎င်းတို့လာရသောအကြောင်းအရင်းကား NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်  ကျွန်းစုမြို့နယ် မဲဆွယ်စည်းရုံးရေးခရီ်းစဉ် အတွက်ကြိုတင်ပြင်ဆင်မှုပြုလုပ်ရန်ဟု NLD အဖွဲ့ဝင် တစ်ဦးကပြောပါသည်။ ၎င်းနောက် ဒေါက်တာတင်မျိုးဝင်း နှင့် အဖွဲ့သည် ကံမော် နှင့် စခန်းသစ်ရွားများသို့ သွားရောက်ကြည့်ရှု လေ့လာကြပြီးထိုနေ့ည ၁၀.၀၀ နာရီအချိန်တွင် မြိတ်မြို့သို့ ပြန်လှည်ရောက်ရှိလာကြပါသည်။ နောက်တနေ့ ၂၀.၃.၂၀၁၂ နံနက် ၈း၀၀ နာရီအချိန်တွင် မြိတ် NLD ရုံး၌အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အစည်းအဝေးကျင်းပ ကြပါသည်။အစည်းအဝေးကျင်းပပြီး မကြာခင် အဖွဲ့ဝင်လူငယ် တစ်ယောက်က “ယခု မြိတ် NLD ရုံးမှာတာဝန် အရှိဆုံးဘယ်သူလဲ” လို့ထမေးတဲ့ အခါ ဒေါက်တာတင်မျိုးဝင်းက အားလုံးမှာ တာဝန်ရှိပါတယ်….ဗမာတစ်ပြည်လုံးမှာဥက္ကဌဆိုတာဒေါ်စုတစ်ယောက်တည်းပဲရှိပါတယ်..ယခုခင်ဗျားတို့ မြိတ်မြို့နယ်နှင့် ကျွန်းစု မြို့နယ် နှစ်ခုပေါင်းပြီးဒေါ်တင်ရီကိုတိုင်တဲ့ တိုင်စာတွေဟာ ကျွန်တော် မြိတ်မလာခင် အထိ ဦးညဏ်ဝင်း လက်ထဲမှာ (၁၉၇) စောင်ရောက်ရှိနေပြီး၊ယနေ့ ပေးတဲ့တိုင်စာနဲ့ဆိုစောင်ရေ (၂၀၀) ပြည့်သွားပြီဖြစ်ကြောင်း၊ မြန်မာတစ်ပြည်လုံးမှာ ဒီလောက်များပြားတဲ့တိုင်စာ မည်သည့်မြို့နယ်မှာမှ မရှိကြောင်း၊မြိတ်မြို့နှင့် ကျွန်းစု မြို့၌သာရှိကြောင်း၊ ဒီကိစ္စ နှင့်ပတ်သက်ပြီးဒေါ်တင်ရီရောဦးလှမင်း ပါ မှားယွင်းစွာလုပ်ကိုင် ဆောင်ရွက်နေတာကိုမိမိ သိကြောင်း၊ မိမိမှာသာ တာဝန်ရှိကြောင်းနှင့် ဒီကိစ္စ နှင့် ပတ်သက်ပြီးခင်ဗျားတို့ အားလုံးမေ့ပစ်လိုက်ကြပါ။ သင်ပုံးခြေလိုက်ကြပါလို့ သူ့အနေနှင့် အနှုးအညွတ် မေတ္တာရပ်ခံပါကြောင်း၊ကြံ့ဖွံ့ ပါတီဝင်တွေ လာဝင်ရင်လည်း လက်ခံ၍ရကြောင်း၊ပြောဆိုပြီး အဖွဲ့ဝင် လူကြီး၊လူငယ် (ရ) ဦးက ၀ါဏိဇ္ဖပဋိက္ခ မေးခွန်း (ရ)မျိုးထမေးကြရာဒေါက်တာတင်မျိုးဝင်းက အဲဒီကိစ္စတွေကိုခင်ဗျားတို့ မေ့ပစ်လိုက်ကြပါ…. သင်ပုန်းခြေလိုက်ကြပါဟူသောအဖြေတစ်ခုတည်းကိုသာတွင်တွင် ပြောဆိုလျက်ရှိရာ ထမေးသူ ကာယကံရှင်များနှင့် အဖွဲ့ဝင်တစ်ချို့မှာစိတ်ပျက်အားငယ် ခံပြင်းခြင်းများစွါကို ၎င်းတို့ မျက်နှာ အသီးသီး၌ဖော်ပြလျှက် တုံဏိဘာဝေ ဆိတ်ဆိတ် နေလိုက်ကြပြီးနောက်ဆုံး အမျိုးသမီးတစ်ယောက်က ထရပ်ပြီးသူနာမည်နှင့် သူသည် စခန်းသစ်ရွာမှ ဖြစ်ကြောင်းမိတ်ဆက်ပြီးသူ့အနေနှင့် ယခုလိုထမေးရတာဒေါ်တင်ရီကိုအားနာကြောင်း၊ အမျိုးသမီးခြင်းကိုယ်ချင်းစာကြောင်း၊ ဒါပေမယ့် ဒေါ်တင်ရီဟာလူငယ်တွေရဲ့ ပြောစကားမှာသာမျှောပါနေပြီး၊ လူသစ်တွေ ရဲ့ ကြိုးဆွဲရာလိုက်ကနေပြီး ၊ ကိုယ်ပိုင် ဝေဖန် သုံးသပ်မှုအားနည်းကြောင်း၊ ကျွန်မတို့ဟာဦးဖိုးကြည် ၊ ကိုကျော်စွာတို့နှင့် လက်တွဲပြီး NLD ပါတီအတွက် စည်းရုံးရေးလုပ်လာတာကြာပါပြီ….ယခုလည်း ကျွန်မတို့ ရှေ့က စည်းရုံးရေးဆင်းတာကို နောက်ကနေပြီးဒေါ်တင်ရီတို့အုပ်စု ကျွန်မတို့ကို တရားမ၀င်ပါဘူး ဆိုပြီးလိုက်နှောက်ယှက်ပြီး အရှက်ပေးနေတာဘာသဘောလဲ? ကျွန်မတို့ မဲအောင်နိုင်ရေး အဖွဲ့ကမနုတ်ထွက်သေးပဲ နုတ်ထွက် သွားပြီးပါပြီလို့ မဟုတ်မတရားလိုက်ပြီးမဟုတ်မတရားလိုက်ပြီး ၀ါဒ ဖြန့်နေတာ ဘာသဘောလဲဆိုတာ ကိုလူကြီးတွေ စုံတုန်းဒေါ်တင်ရီဖြေရှင်းပေးပါလို့ ရဲရဲ ၀ံ့ဝံ့ ထပြီးတောင်းဆိုရာ ကျွနုပ်တို့၏ပြည်သူ့ လွတ်တော် ကိုယ်စလှယ်လောင်းကြီး LL.B ဘွဲ့ရ ဒေါ်တင်တင်ရီခမျာပင်လယ်သူမ ၏ မေးခွန်းကိုမည်သည့် စကားမှ ပြန်လှည်ချေပနိုင်ခြင်းမရှိပဲ…ပရိတ်သတ် လူပုံအလယ်မှ ဇီးရွက်ခန့် မျက်နှာငယ်လေးနှင့် ဖိနပ်ကိုင်ကာ ရုံးအောက်သို့ တစ်ချိုးတည်းဆင်းပြေးသွားပါလေတော့သည်။ဒေါ်တင်ရီ ၏ သူရသတ္တိပြောင် မြောက်ပုံကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရလိုက်သောဆရာ တင်မျိုးဝင်း ခမျာမှာကားရပ်၍ ကြက်သေသေ လျှက်ရှိစဉ်၊ အဖြေနေနှင့် အချိန်ကာကောင်းကိုသိသူ၊ အခွင့်ကောင်းယူရာ၌ လက်မြန် ခြေမြန်ရှိပုံရသော တိုင်းအောင်နိုင်ရေးအဖွဲ့ ၀င် ဦးသန်းထွန်းကဆရာ့ ကိုလျှင်မြန်စွာဆွဲခေါ်၍ ကားဖြင့်တင်ကာ ၎င်းတို့နှင့် ဝေးရာ သို့ခေါ်ဆောင်သွားခြင်းဖြင့်  ထိုနေ့ အစည်းအဝေးကို လိမ္မာပါးနပ်စွာ နှင့် အောင်မြင်စွာ အဆုံးသတ်ပေး လိုက်တော့သည်။ ကျွန်တော်လည်း မြိတ် NLD အဖွဲ့၏ ရှေ့ရေးကိုရင်လေးစွာ တွေးရင်း ဆင်းလာ ရာလှေကားခြေရင်း၌ခြေပစ်လက်ပစ်စိတ်ပျက်နေပုံရသောပုဂ္ဂိုလ် တစ်ဦး……………..ကျွန်တော် သေသေချာချာ ကြည့်မိတော့ …လား…လား…မြိတ်အစားအသောက်တွေနဲ့ တည့်ပြီးနည်းနည်း ပိုဝဖြိုး လာတဲ့ တရာခံအစစ်ကြီးဟု မြိတ် NLD အဖွဲ့ဝင်များ၏ ပြောဆို ဝေဖန်မှုကို ခံနေရသောတိုင်းဥက္ကဌ ဟောင်းလှမင်း…..လှမင်း….လှမင်း...။

မှတ်ချက်။            ။ ကျွန်တော့် ဘလော့ဂ် ကို ၀င်ကြည့်သူမိတ်ဆွေအနေနှင့် ကျွန်တော်ရေးသော သတင်းဆောင်းပါး နှင့်ပတ်သက်ပြီးသံသယတစ်စုံတစ်ရာရှိလျှင် ထိုနေ့ကပါတီအတွင်း ရေးသတင်းကို လာယူသော S.P မှ ကိုနေလင်းအောင် အားတိုးတိုးလေးမေးယူကြပါကုန်။

တနင်္ဂနွေသား(မြိတ်)
                             ၂၁.၃.၂၀၁၂

Sunday, March 4, 2012

မြိတ် NLD အဖွဲ့က ကလေးကစားစရာ လျှောက်လွှာပုံစံများ ရိက်နှိပ်ဝေငှ

          ၂၈.၂.၂၀၁၂ ရက်နေ့က မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်ခွင့်လျှောက်လွှာပုံစံကို အများအပြားရိုက်နှိပ် ထုတ်ဝေလိုက်ပြီး ပါတီဝင်ချင်သူ ဒေသခံများအား လိုက်လံဝေငှခဲ့ကြောင်း သတင်းရရှိသည်။ ၄င်းသတင်းနှင့် ပတ်သက်ပြီး NLD ပါတီအား အစဉ်တစ်စိုက်ထောက်ခံအားပေးခဲ့သူ တစ်ဦးအား မေးမြန်းကြည့်ရာ ၄င်းက ခုလိုပြောပါသည်။
"မနေ့က အဲဒီလျှောက်လွှာတွေကို သူတို့ NLD အဖွဲ့က လျှောက်ဝေနေကြတယ် လို့သိရတယ် .. လျှောက်လျှာပုံစံက လက်တစ်ဝါးသာသာလေးပါ။ ခက်တာက လျှောက်လွှာမှာ အဖွဲ့အစည်း၊ ဘာပါတီ ဆိုတာ ရေးမထားတာပဲဗျ .. အဲဒီလို သေသေချာချာလည်း ရေးမထား၊ ပြီးတော့တာဝန်ခံဘယ်သူ ဘယ်ဝါလို့လည်း လက်မှတ်ထိုးမထားတဲ့ လျှောက်လွှာကို ဘယ်သူက သွားပြီး ကိုယ့်ဓါတ်ပုံကပ်ရဲ့ပါ့မလဲ .. ခင်ဗျား စဉ်းစားကြည့်လေ .. အချိန်ကလည်း ကြားဖြတ်ရွေးကောက်ပွဲ အတွက် တစ်လလောက်ပဲ ကျန်တဲ့ အချိန် ကျုပ်တို့က ကိုယ့်ဓါတ်ပုံတွေကပ် ကိုယ့်နာမည်တွေရေးပေးလိုက် ပြီးမှ အဲဒီ စားရင်းတွေ အကုန်လုံး ကြံ့ဖွံ့ပါတီထဲ ရောက်သွားရင် အားလုံးကိုယ်ကျိုးနည်းသွားနိုင်တယ်ဗျ .. ကုန်ကုန်ပြောမယ်ဗျာ .. စီးကရက် ကံစမ်းမဲ ကူပွန်တောင် သူ့ကုမ္ပဏီတံဆိပ် နဲ့ သူ့နံပါတ်နဲ့ သူလာတာဗျ .. ခုဟာက တစ်ကမ္ဘာလုံးက လေးစားရတဲ့ ပါတီကြီး တစ်ခုအနေနဲ့ ခုလို လုပ်တာကတော့ ရယ်စရာကြီးပေါ့ဗျာ .." ဟု ပြောဆိုသွားသလို .. NLD အဖွဲ့ဝင် ဟောင်းကြီးတစ်ဦး ကလည်း .. 
"အဲဒါကတော့ ဘယ်သူတွေရိုက်ထုတ်လိုက်တယ်ဆိုတာ ကျွန်တော်တို့ မသိရသေးဘူး ..တစ်ကယ်တမ်းတော့ အဖွဲ့ဝင်ပုံစံကို (ဗဟို)က ပို့ချလိုက်ပြီးသားပါ။ ပို့ချလိုက်တဲ့ ပုံစံကအောက်မှာ လက်ခံဖြတ်ပိုင်းလေးတွေပါတယ်။ ပြီးတော့ သူ့ကုတ်နံပါတ်နဲ့ သူလာတာဗျ .. မိတ္တူကူးယူခွင့်၊ အသစ်ရိုက်နှိပ်ခွင့် လုံဝမရှိဘူးဗျ .. လျှောက်လွှာပုံစံ ကုန်သွားရင်လည်း တာဝန်ခံက ယာယီမိန်းစာအုပ်မှာ စာရင်းသွင်းမှတ်တမ်းတင်ထားရုံပဲ ရှိတာ .. ခုလိုမျိုးလုပ်တာကတော့ ဗဟိုအဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်ကမ်း ကို တစ်မင်ချိုးဖောက်လိုက်တာပဲဗျ .. အဲဒါကို ကျွန်တော်တို့ စုံစမ်းပြီး ဗဟိုကို အကြောင်းကြားရတော့မှာပေါ့ဗျာ .. " ဟု ၄င်းကပြောသွားပါသည်။ ယင်းသို့ အထောက်အထားမဲ့ အပေါစားဆန်သော လျှောက်လွှာပုံစံများနဲ့ ပတ်သက်၍ မြို့ခံလူထုများ ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အထင်မြင်သေး ပြောဆိုဝေဖန်မှု တွေနဲ့ အတူ သံသယ မျက်လုံးများစွာနဲ့ သတိထားစောင့်ကြည့်နေကြကြောင်းပါဗျား ..
 
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့မှ ထုတ်ဝေသော လျှောက်လွှာပုံစံ

တနင်္ဂနွေသား(မြိတ်)

Sunday, February 26, 2012

ကျွန်းစု NLD အဖွဲ့နှင့် ကိုယ်စားလှယ်လောင်းတို့ ခွာပြဲပြီ

          ကျွန်းစု NLD အဖွဲ့နှင့် လာမဲ့ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံမည့် NLD လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီတို့သည် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့က ကျွန်းစုမြို့နယ် မဲအောင်နိုင်ရေး အတွက် ဘတ်ဂျက်ငွေအသုံးပြုရေး၊ NLD ရပ်/ကျေး ရုံးခွဲဖွင့်လှစ်ရေး တို့ကို မြို့သစ်ရပ်ရှိ ကိုနိုင်ဦးအိမ်၌ တွေ့ဆုံဆွေးနွေးကြရာ ၎င်းဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပဋ္ဋိပက္ခ များစွာ နဲ့ နောက်ဆုံးခွာပြဲ သွားခဲ့ကြောင်းကို ကျွန်းစုမြို့နယ် NLD ဥက္ကဌဦးဖိုးကြည်က ခုလိုပြောပါသည်။
"ဒေါ်တင်ရီက လွတ်တော်ကိုယ်စားလှယ်လောင်းရာထူးကိုပဲ အရူးအမူးဖြစ်နေပြီး နိုင်ငံရေးကို နားမလည်ဘူး၊ လုပ်လည်းမလုပ်တတ်ဘူး၊ ကျွန်တော်တို့တင်ပြဆွေးနွေးတာကိုလည်း လစ်လျှုရှုပြီး သူ့သဘောနဲ့သူ လုပ်ချင် သလိုလုပ်တယ်။ ကျွန်တော်တို့ကစည်းရုံးရေးအတွက် ငွေဘယ်ရွေ့ဘယ်မျှပေးပါလို့ဆိုပြီးသူ့ကို မတောင်း ဆိုဘူး၊ သူ့မှာလည်းငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေရှိမှာပါပဲ ဆိုတာကို ကျွန်တော်တို့ နားလည်တယ်။ ခုလည်းစည်းရုံးရေးကိစ္စတွေကို ကိုယ့်ဘာသာကိုယ်အိပ်စိုက်ပြီး လုပ်နေတာပဲ။ နိုင်ငံရေး လုပ်တယ် ဆိုကတည်းက အားလုံးကိုစွန့်လွတ်ထားပြီးသားပါ။ ခုတော့ဗျာ .. ဒေါ်တင်ရီက သူလွတ်တော် ကိုယ်စား လှယ်လောင်းပဲဆိုပြီး သူ့ကိုကြိုးကိုင်ထားတဲ့လူတွေ အားကိုးနဲ့ ကျွန်တော်တို့ကို ဂရုမစိုက် ဘူး။ ဘောင်ကျော် ပြီး ကျွန်တော်တို့အဖွဲ့ သိက္ခာကျအောင် တမင်တကာ ဖျက်လိုဖျက်ဆီး လိုက်လုပ်နေတယ်။ ပြောရရင်တော့ အများကြီးပဲဗျာ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ ပါတီ အတွက် ငဲ့ကွက်ပြီး မပြောတော့ ပါဘူး။ ခုစခန်းသစ်ရွာရုံးဖွင့်မဲ့ဆိုင်းဘုတ်ကိုည်း အရှည်(၁၂)ပေခွဲလုပ်လို့ ကျွန်တော်က ခင်ဗျားဟာ (ဗဟို) ထက် ကြီးနေပြီ ဒါမျိုးလုပ်လို့မရဘူး ပြောတာကိုလည်း နားမထောင်ဘူး .. အတော်မွှေတဲ့မိန်းမပဲဗျာ .. မြိတ်မြို့ နယ်မှာလည်း နားမလည်ဘဲ သူတို့ အုပ်စု လျှောက်မွှေလို့ နှစ်ခြမ်း ကွဲသွားပြိ .. ကျွန်တော်တို့ ကျွန်းစုမှာတော့ ဒါမျိုးလုံးဝ အဖြစ်မခံနိုင်ဘူး .. ခုသူ့ကို ကျွန်တော်တို့ အုပ်စုက ရွေးကောင်ပွဲအောင်နိုင်ရေး အတွက် လုပ်မပေးနိုင်တော့ဘူး ဆိုတာကိုလည်း (ဗဟို)ကို အသိပေး အကြောင်းကြားလိုက်ပြီးပြီ။ သူပေး ထားတဲ့ ဖုန်းလည်းပြန်အပ်လိုက်ပြီ .. ဖုန်းဆိုင်ကို လည်းမှာထား တယ် ဒေါ်တင်ရီ ဆိုရင် ဖုန်းချလိုက်လို့ .. ပါတီအတွက်တော့ သိပ်ဝမ်းနည်းဖို့ကောင်းတာပဲဗျာ .. ဒါနဲ့ ပတ်သက်ပြီး ပါတီက ကျွန်တော်တို့အုပ်စုကို ထုတ်ပစ်ရင်လည်း မတတ်နိုင်ဘူး .. ကြားဖြတ်ရွေးကောက် ပွဲကို ဒေါ်တင်ရီအုပ်စုနဲ့ လုံဝတွဲလုပ်လို့ မရ တာကြောင့် လက်ရှောင်လိုက်တာ ဆိုပေမဲ့ (၂၀၁၅) ပါတီ အင်အား ခိုင်မာတောင့်တင်းရေးအတွက်တော့ ကျွန်တော်တို့ အုပ်စု စည်းရုံးရေးလုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ .. " ဟု ကျွန်းစုမြို့နယ် NLD ဥက္ကဌ ဦးဖိုးကြည် မှ ပြောဆိုသွားကြောင်း ပါဗျား .. ။

တနင်္ဂနွေသား